ပေါင်းတည် ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးနှင့် ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်နည်းမှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြလက်တွေ့စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၂၅၊ လယ်မြေ ၁ဝ ဧကရှိ တောင်သူ ဦးစိုးသန်း၏ စိုက်ပျိုးမြေ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အတူ မြို့နယ်နှင့် ကျေးရွာအုပ်စုစိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထိုသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက ယခုနှစ်နွေစပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း အစေ့ချစိုက်ပျိုးခြင်းနှင့် လက်ဖြင့်စိုက်ပျိုးခြင်း စသည့်စိုက်နည်းစနစ်သုံးမျိုးဖြင့် စိုက်ပျိုးလျက်ရှိကြောင်းနှင့် တောင်သူများ၏ လူမှုဘဝပိုမိုတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ခြောက်တန်းသွားကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်နှင့် ၁၀ တန်းသွား မျိုးစေ့ချစက်တို့ဖြင့် နွေစပါးစိုက်ပျိုးခြင်းကိုလက်တွေ့ စိုက်ပျိုးပြသသည်။ ထို့နောက်တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြစိုက်ခင်းတွင် မျိုးကောင်း၊ မျိုးသန့် အထွက်ကောင်းဗီယက်နမ် (သက်တမ်းရက် ၉၀ မှ ရက် ၁၁၀) စပါးမျိုးစေ့များ၊ ပျိုးပင်များဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက လက်တွေ့စိုက်ပျိုးပြသခဲ့ကြကြောင်း သိရသည်။
ရွှေသား