နတ်တလင်း ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကံကလေး အ.မ.က(မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကံကလေးအ.မ.က(မူလွန်)ကျောင်းအုပ်ဆရာကြီး ဦးဟန်ဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များပြသခြင်း၊ ဖတ်ရှုစေခြင်းများဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)