ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ (၇၈) ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၇

ရှမ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုစရိုက်လက္ခာဏာများ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ယနေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ (၇၈) ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိနှင့်အဖွဲ့ဝင်များ နေရာယူကြပြီး သဘာပတိက အဖွင့်အမှာစကား ပြောကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည့် အကူအညီများကို နှစ်စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသားအားလုံးပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့ကလည်း လိုအပ်သည့်ကူညီချီးမြှောက်မှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းအမျိုးသားနေ့ဖြစ်မြောက်ရေး ချီးမြှင့်ငွေကျပ် သိန်း(၁၅၀)ကို ချီးမြှင့်ပေးအပ်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် သဘာပတိနှင့် အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကြပြီး ရှမ်းရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ခင်းကျင်းပြသထားသော ရှမ်းစာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေး လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဒေသထွက်စိုက်ပျိုးသီးနှံများနှင့် ရှမ်းရိုးရာတူရိယာပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိန်းမလှကျွန်းကျေးရွာ၌ ရှမ်းတိုင်းရင်းသားလူမျိုးများကိုယ်တိုင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသော ငရုပ်စိုက်ခင်း၊ သခွားစိုက်ခင်း၊ ခရမ်းစိုက်ခင်းအစရှိသော ဆောင်းသီးနှံ စိုက်ခင်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)