ပခုက္ကူ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်ပညာတတ်မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များအကြောင်း အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်အလိုက် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော၊ ပန်းချီ စသည့် ဉာဏပြိုင်ပွဲများ၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အပြေးနှင့် အခြားအားကစားများ စသည့် ကာယပြိုင်ပွဲများကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများအလိုက် ထူးချွန်ဆုရရှိသူများကို (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)