ထားဝယ်မြို့၌အခြေခံပညာကျောင်းများသို့သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး

ထားဝယ် ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များငှားရမ်း ဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက်အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်းသိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၄၀၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)