စကုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးခရိုင်နှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့တို့ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စကုမြို့ရှိ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်းတို့၌ ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး အစီအစဉ်တွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက “မီးခိုးမြူငွေ့အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး မမြင်နိုင်သော လူသတ်သမား PM 2.5 Video Clip အား ပြသခြင်း၊ မင်းဘူးခရိုင်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက “အပူပိုင်းဒေသစိမ်းလန်စိုပြည်ရေးနှင့် သဲကန္တာရတိုက်ဖျက်ရေး”၊ ဒုတိယဦးစီးမှူး ဒေါ်မြတ်သူဇာအောင်က “ပလတ်စတစ်ညစ်ညမ်းမှုအ‌ကြောင်း သိကောင်းစရာများ”၊ လက်ထောက်ဦးစီးမှူး ဒေါ်အေးမြင့်မြတ်ကိုမှ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ”  စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသိပညာ၊ ဗဟုသုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သည့် ဉာဏ်စမ်းအမေးအဖြေ ကဏ္ဍများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို စကုမြို့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေယံနှင်းက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)