တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားအမျိုးအစားအလိုက် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၇

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားအမျိုးအစားအလိုက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော အမျိုးသားပိုက်ကျော်ခြင်း ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ဗန္ဓုလအသင်းက အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုရရှိသည့် ဗန္ဓုလအသင်းမှ မောင် နေမျိုးအောင်၊ တတိယဆုရရှိသည့် အလောင်းဘုရားအသင်း၊ ဒုတိယဆုရရှိသည့် ကျန်စစ်သားအသင်း၊ ပထမဆုရရှိသည့် ဗန္ဓုလအသင်းတို့အားလည်းကောင်း၊  တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပြေးခုန်ပစ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဗန္ဓုလအသင်း၊ ဒုတိယဆုရရှိသည့် ဘုရင့်နောင်အသင်း၊ ပထမဆုရရှိသည့် အနော်ရထာအသင်းတို့အားလည်းကောင်း၊  တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်က အကောင်းဆုံး ကစားသမားဆုရရှိသည့် ကျန်စစ်သားအသင်းမှ မောင်ကျော်ရဲရင့်၊ တတိယဆုရရှိသည့် ဘုရင့်နောင်အသင်း၊ ဒုတိယဆုရရှိသည့် ကျန်စစ်သားအသင်း၊ ပထမဆုရရှိသည့် အလောင်းဘုရားအသင်း တို့အား လည်းကောင်း တစ်ဦးချင်းဆု၊ အသင်းအလိုက်ဆုနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆုရရှိသည့် ဘုရင့်နောင်အသင်းမှ မသော်တာဖွေး၊ တတိယဆုရရှိသည့် အနော်ရထာအသင်း၊ ဒုတိယဆုရရှိသည့် ဗန္ဓုလအသင်း၊ ပထမဆုရရှိသည့် ဘုရင့်နောင်အသင်းတို့အား တစ်ဦးချင်းဆု၊ အသင်းအလိုက်ဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗန္ဓုလအသင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အနော်ရထာအသင်း၊ ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အလောင်းဘုရားအသင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဘုရင့်နောင်အသင်းတို့အား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)