သရက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိတောက်ပင်နယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

သရက် ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်သည် အဖွဲ့ဝင်များလိုက်ပါလျက် သရက်ခရိုင် သရက်မြို့နယ်  ပိတောက်ပင်နယ်မြေ မီးသတ်စခန်းသစ်ကို (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တက်ရောက် ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မီးသတ်စခန်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နယ်မြေမီးသတ်စခန်းသစ်ကို သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီမှ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် "မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ မီးမလောင်စေချင်တဲ့စိတ်၊ လောင်တဲ့မီးကိုအမြန်ဆုံးငြိမ်း စေချင်တဲ့စိတ်ကို အရင်းခံပြီး မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းဖို့ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းတွေဖြစ်တဲ့ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာလည်း ပြည်သူတွေယုံကြည်အားကိုးအားထားပြုရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်အောင် လေ့ကျင့်တည်ဆောက်သွားကြဖို့နဲ့ ယခုဖွင့်လှစ်တဲ့ စခန်းသစ်ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်သွားကြဖို့လိုအပ်ကြောင်း" ပြောကြားသည်။

အဆိုပါ ပိတောက်ပင်ကျေးရွာသည် သရက်မြို့မှ (၉) မိုင် ကွာဝေးပြီး သရက်-မင်းတုန်း ကားလမ်းမ ကြီးပေါ်တွင်တည်ရှိကာ မီးသတ်စခန်းသစ်သည် ကျေးရွာအုပ်စု (၄)စု၊ ကျေးရွာပေါင်း (၉) ရွာရှိ အိမ်ခြေ (၁၃၅၅)လုံး၊  အိမ်ထောင်စု (၁၃၅၈)စုနှင့် လူဦးရေ (၅၁၇၈) ဦးတို့၏ မီးဘေးလုံခြုံရေးကို လွှမ်းခြုံဆောင်ရွက်နိုင်မည်ဖြစ်သည်။ မီးသတ်စခန်းသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ် ၂၅၁.၀၉၀ သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း  မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)