မကွေး ဖေဖော်ဝါရီ ၇
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးသစ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြိုနယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ သရက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးအဆောက်အအုံအသစ်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများက ရုံးကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာဖြင့် ပက်ဖြန်းပြီးသရက်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရုံးအဆောက်အအုံအသစ် တည်ဆောက်ထားရှိမှု အခြေအနေများကို လည့်လည် ကြည့်ရှုခဲ့သည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို အဆိုပါရုံးသစ်၌ ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ခရိုင်ရုံး(၄၀)ရုံးကို ဖွဲစည်းပုံအသစ် တိုးချဲ့ပြင်ဆင်ဖွဲစည်းခဲ့ပြီး သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရုံးစတင်ဖွင့်လှစ်ချိန်ကနေ ယနေ့အထိ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်(၁၉၉)ခု၊ အသေးစားထုတ်ကုန်များ ဓါတ်ခွဲစမ်းသပ်ပေးနိုင်မှု (၉၇)ခု၊ MSME ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နိုင်မှု(၃)ကြိမ်၊ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းဖွင့်လှစ်ပေးနိုင်မှု (၁၃)ကြိမ်မှ လုပ်ငန်းထူထောင်သူ(၃၅)ဦး၊ ဝင်ငွေတိုးစီမံကိန်း လုပ်ငန်း(၅)ခု ဆောင်ရွက်နိုင်မှုမှ လုပ်ငန်းထူထောင်သူ(၂၅)ဦး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေရရှိငွေ ရရှိရေးဆောင်ရွက်ပေးနိုင်မှု (၉)ဦး၊ ယွန်း/ ရက်ကန်းပညာများ ရှင်သန်ဖွံဖြိုးရေးမျိုးဆက်သစ် ပညာသင်ကျောင်းသား/ကျောင်းသူများကို ရက်ကန်းကျောင်းများနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှု (၁၄)ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ဌာနရဲ့လုပ်ငန်းတာဝန်တွေကို ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်အနေနဲ့ ရုံးအဆောက်အအုံကို ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး တာဝန်ရှိသူများအနေနဲ့ ဒေသခံပြည်သူတွေ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာစေဖို့ ဌာနရဲ့လုပ်ငန်းတာဝန်တွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်နဲ့ ပြည်သူလူထုက ယုံကြည်အားကိုးရတဲ့ ဌာနဖြစ်လာဖိုကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ သရက်ခရိုင် ရုံးဆောက်အအုံသည် MSME လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောက်လုပ်ပေးခဲ့တာဖြစ်သည့်အတွက် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန်နှင့် ပြည်သူအားကိုးအားထားရပြီး ပြည်သူ့အကျိုးရှိတဲ့ ရုံးတစ်ရုံးဖြစ်အောင် တာဝန်ရှိသူများအနေဖြင့် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးအဆောက်အအုံအသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီက ရှင်းလင်းတင်ပြပြီး၊ ရုံးအဆောက်အအုံအသစ်နှင့် စပ်လျဉ်းသည့်မှတ်တမ်းများ လွှဲပြောင်းပေးအပ်ခဲ့ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ရုံးအဆောက်အအုံအသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ