ပန်းတောင်းမြို့နယ်၌ ဖဲန်စီချိတ်ကြီး စားပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ အဆင်ပြေ

ပန်းတောင်း ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်အတွင်းရှိ တောင်သူများသည် ဖဲန်စီချိတ်ပြောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို ဧရာဝတီမြစ် သဲနှုန်း​​​မြေတွင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချရာတွင်လည်း ယခင်နှစ်ထက် ဈေးပိုရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်နေ ဒေသခံတောင်သူတစ်ဦးဖြစ်သည့် ဦးဆန်းဦးထံမှ သိရသည်။

“ဖဲန်စီချိတ်ကြီး စားပြောင်းသီးနှံကိုတော့ ယခုနှစ် တောင်သူအများအပြား စိုက်ပျိုးကြပြီး စိုက်ပျိုးရအဆင်ပြေတဲ့အတွက် ဖဲန်စီချိတ်ကြီး စားပြောင်းသီးနှံဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင် လက်ရှိမှာ တစ်ဖူးကို လက်လီဈေးနှုန်း ငွေကျပ် ၇၀၀ ရောင်းချရပြီး လက်ကားဈေးက တစ်ဖူးကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေရပါတယ်။ ဒါ့အပြင် ဖဲန်စီချိတ်ကြီး စားပြောင်းစိုက်ပျိုးရေးလုပ်ငန်းဟာ ပြောင်းဖူးရောင်းချပြီးချိန် ကျန်ရှိတဲ့ဖူးစားပြောင်းပင်ကိုလည်း ကျွဲ၊ နွားတိရစ္ဆာန်အစာအဖြစ် ရောင်းချရတဲ့အတွက် စီးပွားရေးအရ တွက်ခြေကိုက်ပါတယ်”ဟု ဖဲန်ဆီချိတ်ကြီး စားပြောင်းစိုက်ပျိုးသူ ဦးဆန်းဦးထံမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)