ပေါင်းတည်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)၏ အစီအစဉ်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ် မြောက်ပြည်ထောင်စုနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပသည်။

ဦးစွာ Book Club အဖွဲ့သားများက တေးဂီတအဖွဲ့နှင့် တွဲဖက်၍ လက်ရည်တစ်ပြင်တည်းသီချင်းအား သီဆိုကာ အခမ်းအနားဖွင့်လှစ်ပေးပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ Book Club အဖွဲ့ဥက္ကဋ္ဌအငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစိန်မောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်များနှင့် Book Club အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်အုန်းက ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်းရှိအခြေခံပညာအလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ကြသည်။ ယင်းနောက် ပြိုင်ပွဲ၌ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကာ ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ပြုလွှာများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား