ချောက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီး၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က ရေတွင်းချိုင့်ကျေးရွာ၊ ဇီးချိုပင်ကျေးရွာနှင့် အမှတ် (၁၀) ရပ်ကွက်၊ အမှတ် (၁၅) ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း၍မြို့နယ်အတွင်း လေပြင်းဘေးဒဏ် ခံစားရလေ့ရှိသော ရပ်ကွက်/ကျေးရွာများအားရွေးချယ်၍ လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရေး အိမ်ဆောက်ပစ္စည်းများအား ပေးအပ်လျက်ရှိရာ ချောက်မြို့နယ်အတွင်း ရေတွင်းချိုင့်ကျေးရွာတွင် အိမ်ခြေ (၃၃) လုံး၊ ဇီးချိုပင်ကျေးရွာတွင် အိမ်ခြေ (၄၈) လုံး၊ အမှတ် (၁၀) ရပ်ကွက်တွင် အိမ်ခြေ (၆၇) လုံး၊ အမှတ် (၁၅) ရပ်ကွက်တွင် အိမ်ခြေ (၁၀၄) လုံး စုစုပေါင်းအိမ်ခြေ (၂၅၂) လုံးအတွက် ကုန်ကျစရိတ် ငွေကျပ် (၁၇,၀၈၆,၀၀၀) တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ အိမ်အမိုး/အကာ/အတန်းအားနည်းသော၊ ဆင်းရဲနွမ်းပါးသော၊ မိမိအစီအစဥ်ဖြင့် ဆောင်ရွက်နိုင်မှု မရှိသော နေအိမ်များ၊ အမှီအခိုကင်းမဲ့သည့် အသက်ကြီးသူများ၊ အမျိုးသမီးဦးဆောင်သော လူနေအိမ်များအား အဓိကထား၍ ပြင်ဆင်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)