(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၆

 ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်သည်။

ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲကို ဘားအံပညာရေးဒီဂရီကောလိပ်မှ အသင်း(၅)သင်း၊ ကျောင်းသား၊ ကျောင်းသူ အားကစားသမား(၂၅၀)ဦးတို့က အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊, Fitness dance ပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ အစရှိသည့် အားကစားနည်း(၆)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားပြိုင်ပွဲများကို ပညာရေးဒီဂရီကောလိပ်များတွင် ကျင်းပပေးခြင်းအားဖြင့် စာရိတ္ထကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်ပျော်ရွှင်သော ဆရာ၊ ဆရာမကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပြီး ပညာရေးလောကတွင် ကာယအား ဉာဏအားနှင့်ပြည့်စုံသည့် ဆရာ၊ဆရာမလောင်းများ ပေါ်ထွန်းလာမည့် အနာဂတ်ပညာရေးမြင်ကွင်းကို ဖော်ဆောင်ပေးနေသည့် မင်္ဂလာရှိသောရက်မြတ်ဖြစ်ကြောင်း၊ မိမိတို့ပြုစုပျိုးထောင်ပေးရမည့် မျိုးဆက်သစ်ကလေးငယ်များကိုလည်း ကျန်းမာသောခန္ဓာ ကိုယ်နှင့်ကြံ့ခိုင်သော စိတ်ဓာတ်ရှိသည့် လူရည်မွန်များပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အားကစားသမားများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ပါဝင်အားဖြည့် ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွား၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက ကဗျာလွတ်အက၊ Physical Fitness Dance သရုပ်ပြအကနှင့် ၂၀၂၅ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဗိုဗီနမ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုရရှိခဲ့သော ကရင်ပြည်နယ် ဂုဏ်ဆောင်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ကျောင်းသူများက ဗိုဗီနမ်သရုပ်ပြခြင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အားကစားပြိုင်ပွဲများ အဖွင့်ပွဲစဉ်အနေဖြင့် ဘားအံပညာရေးဒီဂရီကောလိပ် အမျိုးသားဘောလုံးပြိုင်ပွဲ ဘုရင့်နောင်အသင်းနှင့် ကျန်စစ်သားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)