မြောင်းမြ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ မြို့တွင်းရှိစျေးများအား လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ကော်မတီအနေဖြင့် မြောင်းမြခရိုင်အတွင်းရှိ နေရှင်နယ်ပျံကျစျေး၊မြသာယာစျေး၊ မြို့မစျေး၊ ကူးတို့ဆိပ်စျေး၊ ညောင်ပင်လေးစျေး၊ ညောင်ပင်ကြီးစျေး၊အောင်ဆန်းစျေး အတွင်းရှိ စျေးရောင်းချနေသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း (Mask)၊မျက်နှာအကာ Faceshield များအမြဲ တပ်ဆင်ထားရေးသတိပေးခြင်း၊ စျေးဆိုင်များအားအကာအရံ စနစ်တကျပြုလုပ် ထားရှိမှုများရှိရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ညီညွတ်ခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းနှင့် မြောင်းမြမြို့နယ် ကိုဗစ်−၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ဒီဇင်ဘာလ(၂)ရက်နေ့ မှစတင်ကာ နေ့စဉ်အဖွဲ့ဝင် (၁၉)ဦး ပါဝင်သော အဖွဲ့(၄)ဖွဲ့ခွဲ၍စျေးများ စစ်ဆေးခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စျေးများစစ်ဆေးခြင်းနှင့် ပတ်သက်၍ စည်းကမ်းမလိုက်နာသူများအား (၃)ကြိမ်အထိ သတိပေးခြင်း ဆောင်ရွက်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိသည့်စျေးသည်များအား စျေးရောင်းချခွင့်(၂)ပတ် ပိတ်သိမ်းသွားရန် မြောင်းမြခရိုင်၊ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆုံးဖြတ်ထားကြောင်းသိရှိရသည်။
စန္ဒာကြည်(ပြန်/ဆက်)