လှိုင်းဘွဲ ဖေဖော်ဝါရီ ၆
၂၀၂၄ ခုနှစ်၊ အစိုးရပါဋိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက်၊ မြို့မပရိယတ္တိစာသင်တိုက်ရှိ မြို့မဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက် အလှူရှင် ဒါယိကာ၊ ဒါယကာမအပေါင်းတို့က မြို့နယ်သြဝါဒါစရိယ၊ မြို့မပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရထံမှ (၅)ပါး သီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်တို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့ကြသည်။ ထို့နောက် စစ်ဗျူဟာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ အလှူရှင်ဒါယိကာ၊ ဒါယကာများက ပင့်ဆောင်ထားသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများကို ဆက်ကပ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ ဥုဒေါင်းကျောင်းဆရာတော် ဘဒ္ဒန္တခန္တီဝဏ္ဏက သာသနာတော် တိုးတက်စေရေးအတွက် အစိုရပါဋိပထမပြန်စာမေးပွဲ ပြုလုပ်ကျင်းပရခြင်း အကြောင်းများကို သြဝါဒကထာ ချီးမြှင့်တော်မူပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များ ပြန်လည်ကြွမြန်းစဥ်တွင် စစ်ဗျူဟာအဖွဲ့မှ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ အစိုးရပါဋိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာတော်စုစုပေါင်း (၁၄၉)ပါး ဝင်ရောက်ဖြေ ဆိုခဲ့ကြပြီး ပထမကြီးတန်းအောင်(၁)ပါး၊ ပထမငယ်တန်းအောင်(၉)ပါး၊ အခြေပြုမူလတန်းအောင် (၂၂)ပါး၊ စုစုပေါင်း(၃၂)ပါး၊ ပါဋိအာဂမတန်း(၄၄)ပါး ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)