မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများရှင်းလင်းပွဲ အခမ်းအနားဆောင်ရွက်

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေ ရှင်းလင်းပွဲကို ယမန်နေ့နေ့လယ်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပြည်သူ့စစ်မှုထမ်းရန်တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကို ကာကွယ်ရန် နိုင်ငံသားတိုင်းမှာတာဝန်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ တရားမဝင်မီဒီယာများ၏ Online ပေါ်တွင် ကောလာဟလလုပ်ကြံသတင်းများ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ကြောင့်ကြမှု မဖြစ်စေလိုကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ပြီး ချက်ခြင်းလက်ငင်း အကျုံးဝင်သူအားလုံးခေါ်ယူမည်မဟုတ်ပါကြောင်း၊ ရပ်ကွက်နေပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များအား Projector ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းကြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်