လှိုင်းဘွဲ ဖေဖော်ဝါရီ ၆
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သော ဘားအံ-လှိုင်းဘွဲလမ်းအား ထပ်ပိုးကတ္တရာခင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
ဘားအံ-လှိုင်းဘွဲကားလမ်း (၂၃ ဒဿမ ၀) ကီလိုမီတာမှ (၃၀ ဒဿမ. ၈) ကီလိုမီတာအထိ ယခင်ကတ္တရာလမ်း မူလအကျယ် (၅ ဒဿမ ၅) မီတာအား (၇ ဒဿမ ၃၁) မီတာအကျယ်သို့ ထပ်ပိုးကတ္တရာခင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းတင်ဒါ ခေါ်ယူ၍ မြို့နယ်လမ်းဦးစီးဌာန၊ Steel Stone ကုမ္မဏီ၊ ဝေဇယံဆောက်လုပ်ရေးကုမ္မဏီ၊ မြနန်းထိုက် ကုမ္မဏီ၊ သံလွင်ဒေါနမြိုင် ကုမ္မဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဘားအံ-လှိုင်းဘွဲလမ်း ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်းအတွက် စုစုပေါင်း ကတ္တရာလမ်းအရှည် (၈ ဒဿမ ၂) ကီလိုမီတာကို ပြည်နယ်အစိုးရအဖွဲ့မှ ငွေလုံး၊ငွေရင်း ခွင့်ပြုရန်ပုံငွေ (၂၉၄၄ ဒဿမ ၃၇၇)ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည်။
နယ်မြေဒေသတည်ငြိမ်အေးချမ်းသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုတို့ကြောင့် မိသားစု ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပြီး၊ လမ်းများ ရေရှည်တည်တံ့ကောင်းမွန်စေရေးတို့အတွက် ပြည်သူအားလုံးကဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြရမည်ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်ကို ကြားသိရသည်။
စောဒိ(ပြန်/ဆက်)