ကသာ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် “ပြည်ထောင်စုကြီး အဓွန်ရှည်ဖို့ ပြည်ထောင်စုနေ့ကို အလေးထားစို့”၊ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် “တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တိုင်းရင်းသားအားလုံး လက်တွဲကြိုးပမ်းစို့”၊ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် “စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်တည်ဆောက်မည်”၊ ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် ကျောင်းသား/ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုတို့ကို မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများတွင် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၆၈)ဦးတို့ပါဝင် ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)