မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၆

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၄) ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်းရှိ အားကစားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်က နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ဖို့ ဘက်စုံထောင့်စုံကနေ ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ဖို့လိုအပ်ပြီး ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ဖို့ဆိုရင် ဆရာ၊ ဆရာမများကလည်း ဘက်စုံထူးချွန်တဲ့ ဆရာ၊ ဆရာမများဖြစ်ဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်နေစိတ်ထားတို့ တိုက်ရိုက်အချိုးကျလျက်ရှိပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစား နည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးမှသည် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဦးတည်ရည်မှန်းချက်များအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် ပါဝင်သော လူမှုရေးဦးတည်ချက် (၃) ရပ်၌ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ “လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည် ရည်မှန်းချက်များကို ချမှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အားကစားကဏ္ဍတွင် ပြည်သူအားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ အားကစားပြိုင်ပွဲ အမျိုးမျိုးကို ရာသီအလိုက် ဖော်ဆောင်ပေးလျက်ရှိပြီး အစိုးရဝန်ကြီးဌာန အသီးသီးနှင့် တက္ကသိုလ်များ၊ ကျောင်းများတွင် အားကစားပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပစေလျက် ရှိပါကြောင်း၊ ယနေ့ အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် မောင်မယ်များအနေဖြင့် စည်းလုံးညီညွှတ်၍ သဟဇာတဖြစ်သည့် အနာဂါတ် လူ့ဘောင် အဖွဲ့အစည်းအား ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သော၊ အကျင့်စာရိတ္တ ကောင်းမွန်သော နိုင်ငံကြီးသား ပီသသော၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော၊ လူကောင်း လူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံအတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိကျောင်းရဲ့ ဂုဏ်ကိုဆောင်နိုင်သည့်အပြင် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သော ဘက်စုံထူးချွန်သည့် ဆရာကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများက Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားပစ္စည်းများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား  ပိုက်ကျော်ခြင်း ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်မှ စတုတ္ထနှစ်၊ အတန်းနှစ်အလိုက် အတန်း (၅) တန်းဖြင့် ပြေးခုန်ပစ် အားကစားနည်း (၁၀) မျိုး(ကျား/မ)၊ ဘောလုံး(ကျား)၊ ဘောလီဘော(ကျား/မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲစသည့် အားကစားနည်းများကို ကျောင်းသား၊ ကျောင်းသူ (၅၀၀) ကျော်က ဖေဖော်ဝါရီလ (၄) ရက်နေ့မှ (၁၀) ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ