ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဟောပြော

ဒေးဒရဲ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ဖိုးတုတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာလှိုင်ဘုန်းမြင့်က မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ မွေးမြူရေးဆိုင်ရာကျောင်းနှင့် တက္ကသိုလ်များသို့ တက်ရောက်နိုင်သည့် ပညာသင်အခွင့်အလမ်းများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းများကို အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ သင်ယူခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ခရိုင် (၅၀)၊ မြို့နယ် (၅၁)မြို့နယ်တို့တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)