နတ်တလင်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ခွဲ)ရှမ်းကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အ.ထ.က(ခွဲ)ရှမ်းကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ပေးရေးဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်မှုအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)