ပန်းတောင်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်က ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ မြို့နယ်အဆင့်အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုး၊ ပြည်ခရိုင်၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဇေဖြိုးသန့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးက ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ခရိုင်၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဇေဖြိုးသန့်မှ ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးမည့် အစီအစဥ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)