သဲကုန်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း(တည်သီးပြင်)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/သူများအား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် စာပေဖတ်ရှုရန်လိုအပ်ပုံ၊ စာပေဖတ်ရှုခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများ၊ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတ/ရသရရှိစေမည့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)