စစ်ကိုင်း ဖေဖော်ဝါရီ ၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်၍ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ ဗဟုသုတ ပြည့်စုံစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် တီထွင်ဖန်တီးတတ်သည့် စွမ်းရည်များတိုးတက်စေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မူလ တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတို့က ဆေးရောင်ခြယ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ထို့နောက် ပြည်သူစာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲနှင့် အခြားဂိမ်းကစားနည်းပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)