ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသင်ယူနေသည့် (KG) ကျောင်းသား/သူများအား ပထမအကြိမ်အဖြစ် အာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် (KG)ကျောင်းသား/သူ (၄၅) ဦးတို့အား အစာအာဟာရသုံးအုပ်စုတွင် ပါဝင်သော ထမင်းဆီစမ်း၊ ကြက်ဥ၊ မုန်လာဥနီနှင့် ပန်းဂေါ်ဖီ (အစိမ်းကြော်)၊ ပဲနီလေး (ဟင်းချို)နှင့် ပဲနို့(Lactasoy) တို့ကို နံနက်စာအဖြစ် ကျွေးမွေးခဲ့ရာ အဆိုပါကျွေးမွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး၊ မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက လိုက်လံကြည့်ရှုခဲ့ကြသည်။
ကျောင်းသား /သူကလေးများ၏ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးအတွက် အစာအာဟာရများကို သင့်တင့်မျှတစွာ စားသုံးနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များ ဖြစ်လာစေရေးအတွက် ဖြည့်စွက်အစာများကို ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)