ပန်းတနော်မြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲပြုလုပ်

ပန်းတနော် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို၊ ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်က ယာဉ်အန္တရာယ်နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးမှုနှင့် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားအောင် ကြိုတင်ရှောင်ကြဉ်ရမည့် နည်းလမ်းများကို ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ်(၁) အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းဆွေနှင့် ဆရာ/ဆရာမများ၊ Grade-5၊ Grade-6၊ Grade-7 တို့မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၁၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)