(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ

ဘုတ်ပြင်း ဖေဖော်ဝါရီ ၅                         

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲကို အ.ထ.က-ဘုတ်ပြင်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးက အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အထက်တန်းပြဆရာမ ဒေါ်ချိုချိုစန်းနှင့် အလယ်တန်းပြဆရာမ ဒေါ်ခင်မမချောတို့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲများ နှစ်စဉ်ကျင်းပရခြင်းနှင့် ပတ်သက်သည်များကို အသိပညာပေး ပြောကြားသည်။ ဆက်လက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များ အကြောင်းအရာများ၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် နွေရာသီကျောင်းပိတ်ချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ် စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း အသီးသီးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့်  ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)