ပုလော ဖေဖော်ဝါရီ ၅
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီအချိန်က ပုလောမြို့နယ်၊ အခြေခံပညာကျောင်း (၁၃) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများ (၆၀၉) ဦးအား ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အာဟာရ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ထိုသို့ အာဟာရကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့် ညီညွတ်မှုရှိသော ကြက်ဥပြုတ်၊ ပဲဟင်းချို၊ ရွှေဖရုံသီးပေါင်း၊ ဖီးကြမ်း၊ ထမင်း (ပုံစံ-၁)၊ ကြက်သားပေါင်း၊ အသီးအရွက်ကြော်၊ မြေပဲလှော်၊ ပဲဟင်းချို၊ ထမင်း (ပုံစံ-၂) အုပ်စုအလိုက် KG ကျောင်းသား/ ကျောင်းသူ(၆၀၉)ဦးအား ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများက နေ့လယ်စာ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော အာဟာရများ ချက်ပြုတ်ကျွေးမွေးခြင်းကို ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့် ကျန်းမာရေးဌာန အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား၊ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)