ပလောက် ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.ကခွဲ ( ဝါးဇွမ်းအုပ်) ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အ.လ.က ( ခွဲ) ဝါးဇွမ်းအုပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ မြို့ပြည်သူ့ကျန်းမာရေးဆရာမ ဒေါ်မိနုထွေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မြနှင့် တာဝန်ရှိသူများက KG ကျောင်းသား/သူကလေးငယ်များအား နေ့လယ်စာ ကျွေးမွေးခဲ့ကြသည်။
ကျောင်းသား/သူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)