ပုသိမ် ဖေဖော်ဝါရီ ၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထနှစ်သင်တန်း( ၂၀၂၄ အောင်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တက္ကသိုလ်မှပို့ချနေသည့် ပညာရပ်များသည် ပညာရပ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာဖြစ်ထွန်းလာရန်သုတေသနများ၊ တီထွင်မှုစွမ်းအား၊ လုံ့လဝီရိယစွမ်းအားများနှင့် တည်ဆောက်ထားသည့် ပညာရပ်များဖြစ်ပါကြောင်း၊ ဟင်္သာတတက္ကသိုလ်၌ ဝိဇ္ဇာ၊ သိပ္ပံအထူးပြု ဘာသာရပ်များအပြင် ဥပဒေပညာ၊ စီးပွားရေးပညာရပ်များကို တိုးချဲ့ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝအရင်းအမြစ်ကို အသုံးချပြီး ဒေသ အကျိုးကို ရှေးရှုပြီးပို့ချမည့် အသုံးချဘာသာရပ်နှစ်ခုဖြစ်သည့် စိုက်ပျိုးရေးဓာတုဗေဒ (Agricultural Chemistry)၊ ငါးပညာသိပ္ပံ(Fisheries Science)ဆိုသည့်အသုံးချဘာသာရပ်နှစ်ခု အောင်မြင်စွာ ဖွင့်လှစ်ထားသည်မှာ (၃)နှစ်ရှိပြီဖြစ်၍ လာမည့်နှစ်တွင် ပညာရှင်များမွေးထုတ်ထားသည့် တက္ကသိုလ်အဖြစ် ရောက်ရှိတော့မည်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးအတွက် ဂုဏ်ယူစရာ တက္ကသိုလ်တစ်ခု ဖြစ်လာတော့မည်ဆိုတာ မောင်မယ်တို့ကို အသိပေးပြောကြားလိုပါကြောင်း၊ ထို့ကြောင့်မောင်မယ်တို့ကလည်း ဧရာဝတီတိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်၏ ဒေသအသီးသီး၌ရှိသည့် သဘာဝအရင်းအမြစ်များကို အသုံးချနိုင်သည်အထိ အတတ်ပညာ၊ အသိပညာကို စေ့စေ့စပ်စပ်သေသေချာချာ မွန်မွန်မြတ်မြတ် လေးလေးနက်နက် လေ့လာဆည်းပူးကြရန်လိုပါကြောင်းနှင့် ဘွဲ့ရပညာရှင် တစ်ဦးဖြစ်အောင် လေ့လာဆည်းပူးကြရန် မှာကြားလိုပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ ပညာရှင်တစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင် ပေးသည့် နေရာတစ်ခုသာမက အားကစား၊ တေးဂီတ၊ ပန်းချီ၊ စာပေရေးသားမှုဆိုသည့် အားကစား အသင်းအဖွဲ့များ၊ အနုပညာအသင်း မဂ္ဂဇင်းစာစောင်များတွင် မိမိတို့ဝါသနာများကို ပြုစုပျိုးထောင်ခွင့်ပေးနေသည့်နေရာလည်းဖြစ်ပါကြောင်းနှင့် မောင်မယ်တို့ကို ဗလငါးတန် ဖွံ့ဖြိုးအောင်လည်း ပြုစုပျိုးထောင်သည့်နေရာလည်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ကျင့်တရားနှင့်စာရိတ္တပိုင်းတွေမှာ ကောင်းမွန်အောင် နေထိုင်ကျင့်ကြံရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုပါကြောင်း၊ ဆင်ခြင်ဉာဏ်တရား လက်ကိုင်ထားပြီး အသိတရားများဖြင့် မိမိတို့၏ဘဝ၊ တိုင်းဒေသကြီးနှင့်နိုင်ငံ့အကျိုး သယ်ပိုးနိုင်သူများဖြစ်အောင်ကြိုစားကြရန်” မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီး၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မျက်စိခွဲစိတ်ကုသပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျက်စိကုသရန်လူနာများအား မျက်တောင် မွှေးရိတ်ခြင်း၊ မျက်စိတိမ်စစ်ဆေးခြင်းဆောင်ရွက်နေမှုများ၊ ခွဲစိတ်ကုသေပးမည့်လူနာများနှင့် ခွဲစိတ်ပြီးစီးသည့် လူနာများအားတွေ့ဆုံ၍ ဆေးရုံလာရောက်ပြသမှု အခြေအနေများ၊ ခွဲစိတ်ကုသပေးမှု အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးမေးမြန်းခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် မျက်စိအထူးကုဆရာဝန်ကြီးများမှ လူနာများအား ခွဲစိတ်ကုသ ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ပြင်ပလူနာဌာနတွင် မျက်စိခွဲစိတ်ကုသရန် ရောက်ရှိနေသည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး မျက်စိခွဲစိတ်ကုသပေးမည့် အခြေအနေများနှင့် အးပေးစကားများ ပြောကြားခဲ့ပြီး ပြည်သူများအတွက် နေထိုင်စားသောက်ရေးများအဆင်ပြေစွာ ဆောင်ရွက်ပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဂရုတစိုက်ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မျက်စိခွဲစိတ်ကုသရေးအစီအစဉ်အဖြစ် ယခုလ(၄)ရက်နေ့မှ (၁၃)ရက်နေ့အထိ ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးမှ ဒေါက်တာနန္ဒာအောင်( အထူးကု ဆရာဝန်-မျက်စိ)၊ ဒေါက်တာစိုးမိုးဝင်း(လ/ထဆရာဝန်-မျက်စိ)၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ နီနီဝင်း(အထူးကုဆရာဝန်-မျက်စိ)၊ ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာစန္ဒာသိန်း (အထူးကုဆရာဝန်ကြီး-မျက်စိ)တို့က အဖွဲ့(၃)ဖွဲ့ခွဲ၍ တစ်နေ့လျှင် ပျမ်းမျှလူနာ(၅၀)ဦးအား ခွဲစိတ် ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ “နိုင်”ဆီစက်သို့သွားရောက်၍ ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပဲ၊ နှမ်း၊ ပဲပုပ်ဆီများ ကြိတ်ခွဲထုတ်လုပ်မှု ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် စားသုံးဆီများ ပိုမိုထုတ်လုပ်နိုင်ရေး၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်းကောင်းမွန်သည့် ပဲပုပ်၊ နေကြာ၊ မြေပဲစသည့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအား ပုသိမ်တက္ကသိုလ်မှပါမောက္ခများကဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များ သင်ကြားပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အလေးထား လိုက်နာဆောင်ရွက်ရန် ဆွေးနွေးပေးသည့်ဘာသာရပ်များအလိုက် မရှင်းလင်းသည်များအား ကောင်းမွန်စွာသဘောပေါက် နားလည်စေရေး မေးမြန်းဆွေးနွေးကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘများပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်စေရေးတို့ကို မှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့အတူ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် အင်္ဂလိပ်စာဘာသာရပ် သင်ကြားပို့ချနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆွေးနွေးပေးသည့် ဘာသာရပ်များအား သေချာစွာမှတ်သားလိုက်နာဆောင်ရွက်ရန်၊ မရှင်းလင်းသည်များအား ကောင်းမွန်စွာ သ ဘောပေါက်နားလည်စေရေး မေးမြန်းဆွေးနွေးကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်စေရေး ကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပို့ချခြင်း များကို ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်ပင်တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ဇန်နဝါရီလ(၂၁)ရက်နေ့မှစတင်၍ ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာရှိ တောင်သူ ဦးတေဇာ၏လယ်မြေတွင် ရေကျနောက်စိုက် GW-11 မျိုးစပါး ပထမသီးနှံ စိုက်ပျိုးထားရှိမှုနှင့် ဂုန်မင်းကွင်း မြောင်းမကြီးနှင့်လက်တန်မြောင်းများအား နှစ်အလိုက်လျာထား တူးဖော်ပေးသဖြင့် ဒုတိယသီးနှံ နွေစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသည်များကို ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေများလုံလောက်စွာ ရရှိပြီဖြစ်၍ ဒုတိယသီးနှံများ ပိုမိုတိုးတက် စိုက်ပျိုးရန်၊ မြောင်းဘေးတာဘောင်များတွင် သီးနှံများစိုက်ပျိုးကြရန်၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)