ကြံခင်း ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ်က ဇင်းကြီးကျေးရွာအုပ်စုတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှိ ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး၊ ဒေသနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များအား သိရှိစေရေးအတွက် အသိပေးနှိုးဆော်ကြရာတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုကြရန်၊ နေအိမ်အတွင်း/အပြင် အမှိုက်များရှင်းလင်းထားရန်၊ မီးလောင်လွယ်သော စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင်ထားခြင်း မပြုကြရန်၊ မီးကြွင်း၊ မီးကျန်၊ ပြာပူများ စနစ်တကျ ငြှိမ်းသတ်ကြရန်၊ ဟောင်းနွမ်းသော လျှပ်စစ်ဝါယာကြိုးများအား အသစ်လဲလှယ်အသုံးပြကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော ရေသိုလှောင်ကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်နှင့် (DCP)မီးသတ်ဆေးဘူးအား သတ်မှတ်စံနှုန်းနှင့်အညီထားရှိရန် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ကြကြောင်းနှင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးသုံးစွဲခြင်း စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များက (နေ့စဉ်)စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)