မကွေး ဖေဖော်ဝါရီ ၅
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း(ဒုတိယအကြိမ်)ကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အာဟာရချက်ပြုတ်ကျွေးမွေးခြင်း အစီအစဉ်ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်နှင့် မူလတန်းကျောင်းသား၊ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၂)မြို့နယ်မှ ကျောင်း(၂၄၀၉)ကျောင်းတွင် KG တန်း ကျောင်းသား၊ ကျောင်းသူ(၃၅၁၅၉)ဦးအား ကျောင်းတွင်း အာဟာရကျွေးခြင်းကို(၂၀၂၅)ခုနှစ် ဇန်နဝါရီလတွင် (၂)ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၁) ကြိမ်၊ စုစုပေါင်း (၃)ကြိမ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ