ဘုတ်ပြင်း ဖေဖော်ဝါရီ ၄
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသားကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုယမန်နေ့က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် အထက-ဘုတ်ပြင်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးက လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာ ဗဟုသုတပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြှင့်မားစေရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှု ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းပူးပေါင်းတတ်စေရန်နှင့် စာဖတ်ရှိန်တိုးတက်မြင့်မားစေရေးစသည့် လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက ဦးဆောင်၍ Grade-10 ကျောင်းသူ မမျိုးမြင့်မြင့်ဝေ၊ Grade-10 ကျောင်းသား မောင်လရောင်လင်းထက်၊ Grade-10 ကျောင်းသူ မဩမြတ်ဟေသီ၊ Grade-10 ကျောင်းသူ မဧကရီဦး၊ Grade-10 ကျောင်းသား မောင်ထက်မိုးနိုင်၊ Grade-10 ကျောင်းသား မောင်လူငြိမ်းတို့က “ စာကြည့် တိုက်သို့သွားကြစို့၊ စာအုပ်စာပေလူ့မိတ်ဆွေ၊ အင်တာနက်ကို အကျိုးရှိရှိအသုံးပြုကြစို့၊ Today a reader , Tomorrow a leader , လူငယ်နှင့်စာဖတ်ဝါသနာ၊ ပညာခေတ်မှာပညာရှာ” စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိလိုသည်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်ခဲ့ကြသည့်ကျောင်းသားကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ မြို့နယ်အတွင်း စာဖတ်ရှိန်တိုးတက်မြင့်မားရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး နံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)