ကျွန်းလှ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနိ့ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးသီးနှံကိုပုံစံအမျိုးမျိုးဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး မျိုးစေ့ချကိရိယာ အသုံးပြုပြီး စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မျိုးစေ့ချကိရိယာဖြင့် နွေစပါး စိုက်ပျိုးရာမှာ မြေကိုစနစ်တကျပြုပြင်ပြီး တစ်ဧကသက်လျက် မျိုးသန့်စပါးမျိုးစေ့ တစ်တင်းအသုံးပြုရပါတယ်။ စိုက်နည်းစနစ်မှန်ကန်ဖို့နဲ့ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရပါတယ်။ အခုလိုစိုက်ပျိုးခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျစရိတ်သက်သာခြင်း၊ လေဝင်လေထွက်ကောင်းပြီး သမန်းနှိုး ပေါင်းထိုးလွယ်ကူခြင်း စတဲ့အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ထို့နောက် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မျိုးစေ့ချကိရိယာ ပုံးထဲသို့ သတ်မှတ်နှုန်းအတိုင်း မျိုးစေ့ထည့်ခြင်း၊ စိုက်ခင်းအတွင်း မျိုးစေ့ချခြင်းတို့ကို လက်တွေ့ပြသကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် နှစ်ရှည်ပင်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ယခုနှစ် နွေစပါး ၁၆၆ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)