ဘားအံ ဖေဖော်ဝါရီ ၄
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (၂၀၂၄-၂၀၂၅) ခုနှစ်၊ ပြည်နယ်ဘဏ္ဍာငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉၃၂ ဒဿမ ၈၈၅) သန်းဖြင့် Than Lwin Archive (သံလွင်အားခိုက်) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၃) ခန်းတွဲ (၅) ထပ် ပြည်သူ့ အငှားအိမ်ရာတစ်လုံး ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အင်းလေးလမ်းရှိ အဆိုပါပြည်သူ့အငှားအိမ်ရာ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်ကြမည့် ပြည်သူများအနေဖြင့် မိမိတို့နေထိုင်သည့် အိမ်ရာအား မိမိတို့ကိုယ်ပိုင်အိမ်ကဲ့သို့ အိမ်ငှားစည်းကမ်းများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ကြစေလိုပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်လည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိမ်ရာများကို ထိန်းသိမ်းစောင့်ရှောက်ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက (၃) ခန်းတွဲ (၅) ထပ် ပြည်သူ့အငှားအိမ်ရာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အဆောက်အဦ၊ ကွန်ကရစ်လမ်း၊ ထရန်စဖော်မာ၊ ပြင်ပမီးလိုင်းနှင့် ရေရရှိရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူ့အငှားအိမ်ရာတွင် ရေမီးအပြည့်အစုံဖြင့် ငှားရမ်းနေထိုင်ကြမည့် လူတန်းစားအလွှာစုံမှ အိမ်ထောင်စု ၁၂ စုအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)