မြဝတီမြို့ အ.ထ.ကခွဲ (အောင်မြေရွှေဘုံ)၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)၌ ကျင်းပသည်။

အခမ်းအနားတွင်  မြဝတီမြို့နယ် ပညာရေးမှူး  ဦးမိုးကျော်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းက ပန်းခင်းစီမံချက်အဆင့်(၃) ဆောင်ရွက်မှုပတ်သက်၍  ရှင်းလင်းပြောကြားပေးကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍  ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  ဆောင်ရွက်ခဲ့သည့် အသက်၁၀-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၁)ကတ်တို့ကို မြို့နယ်ပညာရေးမှူး ဦးမိုးကျော်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့က ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမြင့်က တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းနှင့် ကျန်ရှိသည့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)