တောင်တွင်းကြီး ဖေဖော်ဝါရီ ၄
၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပရေးအတွက် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက ယခင်နှစ်များတွင် မကွေးတိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် တောင်တွင်းကြီးမြို့နယ် ရန်ပယ်အားကစားကွင်းတွင် ကျင်းပနိုင်ရန် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ချင်းအမျိုးသားနေ့နှင့်ပတ်သတ်သည့် အခမ်းအနားဖြစ်သည့်အတွက် အလေးအနက်ထား ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချင်းအမျိုးသားနေ့အတွက် ခွင့်ပြုထားသည့် ရန်ပုံငွေများ သုံးစွဲရာတွင်လည်း စိစိစစ်စစ်သုံးစွဲကြရန်နှင့် စာရင်းစစ်ခံနိုင်အောင် သုံးစွဲကြစေလိုကြောင်း၊ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့်လည်း ကြီးကြပ်မှုအနည်းဆုံးနှင့် အောင်မြင်မှုရရှိနိုင်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည့်ဖြစ်ကြောင်းနှင့် ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် အစီအမံများနှင့် အတည်ပြုဆုံးဖြတ်ပေးရမည့် အချက်များရှိပါက တင်ပြကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ချင်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာဆောင်ရွက်နိုင်ရေး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ချင်းအမျိုးသားအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)