နတ်မောက် ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများစာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေးသုတ၊ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ ငှားရမ်းပေးရာတွင် နတ်မောက်မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူများစာအုပ်စာစောင်များအား အလှည့်ကျအခမဲ့ငှားရမ်းပေးလျက်ရှိပြီး အသိပညာပေးနံရံကပ်စာစောင်များလည်း ပြသခဲ့သည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့အရောက်သွားကာ လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မည်သူမဆိုအခမဲ့စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ရန် မြို့နယ်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
မူမူစန်း