ငဖဲမြို့တွင် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်အညီ အနားယူ/အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဘာသာသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာတည်တံ့ပြန့်ပွားရေးအတွက် ငဖဲမြို့နယ်သံဃာ့နာယကအဖွဲ့မှ အနားယူလစ်လပ်သွားသော သံဃနာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်အညီ အနားယူ/အစားထိုး ရွေးချယ်ခြင်းဆိုင်ရာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ငဖဲမြို့မရပ်ကွက် မြို့တော်ဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ပွင့်ဖြူမြို့နယ် ဘုရားကုန်းရွာဦးကျောင်း ဆရာတော်ဘဒ္ဒန္တဇောတိကက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်ဩဝါဒကထာမြွက်ကြား၍ ကုန်းမြင့်ရတနာကျောင်းတိုက်ဆရာတော် ဦးသောမစာရမှ ရွေးချယ်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားပြီး မြို့နယ်သံဃနာယကမှ အနားယူမည့်ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်တစ်ပါးမှ ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ မြို့နယ်သံဃနာယကအဖွဲ့ဝင်နေရာများ၌ အစားထိုးရွေးချယ်ရန် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်တစ်ပါးမှ အဆိုတင်သွင်းပြီး ထောက်ခံမည့်ဆရာတော်အား ပင့်ဖိတ်ခြင်းတို့ကိုဆောင်ရွက်ပြီး သံဃာ့ဆန္နသာဓုသုံးကြိမ်ခေါ်အတည်ပြု၍ သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

မြို့နယ် သံဃနာယကအဖွဲ့မှလစ်လပ်သွားသော သံဃာတော်သုံးပါးနေရာတွင်  သီပေါ်အရှေ့ကျောင်း ဆရာတော်ဦးဉာဏုတ္တရ၊  သိမ်တော်ကျောင်းဆရာတော် ဦးသေဌိလ၊ စည်သာကျောင်းဆရာတော် ကေလာသတို့ကို တက်ရောက်လာကြသော သံဃာတော်များမှ အဆိုပြုထောက်ခံအတည်ပြုခဲ့ပြီး ယခုကျင်းပသောအစည်းအဝေးသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ သက်တမ်း(၃)နှစ်အတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအခန်း(၁၁)ပါ လုပ်ထုံးလုပ်နည်းများအရ လက်ရှိသံဃ နာယကအဖွဲ့များမှ အနားယူသွားသဖြင့် အစားထိုးရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)