ဘိုကလေးမြို့နယ်၌ စဉ်ဆက်ပညာရေး(မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်လှစ်

ဘိုကလေး ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများတွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဥ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများကို ယခင်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ၎င်းတို့အား စာရေးစာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူမှုစီးပွားဘဝတိုးတက်လာစေရေးတို့ အပါအဝင် ရည်ရွယ်ချက်များစွာဖြင့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ယနေ့နံနက်(၉)နာရီအချိန်၌ (မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ နည်းပြအဖြစ် ဆောင်ရွက်ကြမည့် ဆရာ/မ(၁၁၅)ဦး၊ ကြီးကြပ်သူအဖြစ် ဆောင်ရွက်ကြမည့် ဆရာ/မ(၇)ဦး တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ထူကိုယ်ထသင်ယူနိုင်သော နည်းလမ်းကိုအသုံးပြု၍ ရပ်ရွာလူမှုအခြေပြုစာတတ်မြောက်ရေး၊ လုပ်ငန်းခွင်အခြေပြု စာတတ်မြောက်ရေး၊ မိသားစုအခြေပြု စာတတ်မြောက်ရေးပုံစံများဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စဉ်ဆက်ပညာရေးအစီအစဉ်မှတစ်ဆင့် ဘဝတစ်သက်တာ သင်ယူလေ့လာ ကြသူများဖြစ်လာရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများအား စဉ်ဆက်ပညာရေးနှင့်ပတ်သတ်သည့် လမ်းညွှန်မှုဗီဒီယိုအား ပြသခဲ့ကြောင်းနှင့် ယခုဘိုကလေးမြို့နယ်တွင် ဆောင်ရွက်မည့် စဉ်ဆက်ပညာရေးလုပ်ငန်းသည် ဖေဖော်ဝါရီ(၈)ရက်မှ ဧပြီ(၈)ရက်ထိ (၃)လတာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်တွင်းရှိ စာသင်သား(၁၄၅၀)ဦးအား စာသင်ဝိုင်း(၁၁၅)ဝိုင်း ခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)