ဒေးဒရဲမြို့နယ်၌ စဉ်ဆက်ပညာရေး(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်

ဒေးဒရဲ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများတွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဥ်က မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားခဲ့ရသူများ၊ စာမတတ်သူပြည်သူများနှင့် တိုင်းရင်းသားများ စာတတ်မြောက်လာစေရန်ရည်ရွယ်၍ မြို့နယ်အခြေခံပညာဦးစီးက ကြီးမှူးကျင်းပသည့် စဉ်ဆက်ပညာရေး (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ​အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်များ၊ ဦးစားပေးအစီအစဥ်များနှင့်အညီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍရဲ့ စဉ်ဆက်ပညာရေးလုပ်ငန်းသည် ကျေးလက်နှင့် တိုင်ရင်းသားဒေသပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသဖြင့် သင်ရိုးညွှန်းတမ်းများကို ဒေသခံများ၏ လိုအပ်ချက်များနှင့် ကိုက်ညီရေး၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေဖြစ်အောင် သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားပေးကြရမည်ဖြစ်ပြီး ယခုသင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များကို ကြိုးစားစွာ သင်ယူပြီး မိမိကျေးရွာဒေသရှိ ပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် စဉ်ဆက်ပညာရေး အသိပညာပေး ဇာတ်လမ်းတိုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အဆင့် စဉ်ဆက်ပညာရေး (ဆင့်ပွား) သင်တန်း တက်ရောက်လေ့လာလျက်ရှိသည့် ဆရာ၊ ဆရာမများအား အလှူငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဆရာ၊ ဆရာမများကိုယ်စား မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှစိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဥ်ဆက်ပညာရေး မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းအား  ကျေးရွာအုပ်စု (၄၇) စုရှိ ဆရာ၊ ဆရာမ (၄၇)ဦးအား သင်တန်းနည်းပြ (၇)ဦးက စာတတ်မြောက်ရေး အခြေခံစာစဉ်များ၊ အခြေခံမြန်မာစာ၊ အခြေခံသင်္ချာနှင့် လူမှုဘဝမြင့်မားရေး ဆွေးနွေးပို့ချခြင်းစသည့် ဘာသာရပ်များကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)