လပွတ္တာ ဖေဖော်ဝါရီ ၃
သာသနာတော်နှစ်(၂၅၆၈)ခုနှစ်၊ ကောဇာသက္ကရာဇ် - ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း(၅)ရက်ခရစ်နှစ်-၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများစုပေါင်း၍ နေရာပျံချီကျေးရွာ၊ သီရီမင်္ဂလာကျောင်းတိုက်မှ နိုင်ငံတော်အစိုးရသာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်၊ B.A(Buddhism) ဘွဲ့တံဆိပ်တော်ရရှိတော်မူသော “အရှင်ခေမိန္ဒာစာရ” အရှင်သူမြတ်၏ ဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ကြွရောက်လာကြကုန်သော ဧည့်ပရိသတ်အားလုံးက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ သရက်တောကျောင်းဆရာတော်အရှင်မြတ်ထံက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ အရှင်ခေမိန္ဒာစာရ၏ ခမည်းတော်၊ မယ်တော်၏ သား၊ သမီးများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်နှင့် B.A(Buddhism) ဘွဲ့တံဆိပ်တော်ရရှိတော်မူသော “အရှင်ခေမိန္ဒာစာရကို နိုင်ငံတော်စာပေ(၂၄)ဆုရှင် မြေလတ်မင်းလွင်မှ အောင်ပလ္လင်ဖွင့်ဂါထာဖြင့် လျှောက်ထားခြင်းနှင့် မင်္ဂလာစည်တော်ရွှမ်း၍ ပင့်ဆောင်ခြင်း၊ နိုင်ငံတော်စာပေ(၂၄)ဆုရှင် မြေလတ်မင်းလွင် ရေးသားပူဇော်သည့် မြန်တိုင်းဧရာချီ ၂၇ ပဒစီ အချီညီအချညီ ပဒညီမင်္ဂလာပိုဒ်စုံရတုနှင့် “အပူဇော်ခံဆရာနှင့် အလှူရှင်တွေ ကောင်းကျိုးလိုရာ ပြည့်ပါစေ” ရှစ်ဆယ်ပေါ်တေးထပ်ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ရွှေတံဆိပ်များရှင် အိမ့်ခြူးကေမှ ရွတ်ဆိုပူဇော်ခြင်း၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များက နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော် အောင်လက်မှတ်များကို အရှင်ခေမိန္ဒာစာရအား ဆက်ကပ်ပူဇော်ခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ မှန်ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်မှ ရေစက်ချအနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)