ဇီးကုန်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဇီးကုန်း ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာဦးက ကျောင်းစာအပြင် အခြားဗဟုသုတအသိပညာအတတ်ပညာများအား လေ့လာဖတ်ရှုလေ့လာကြရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလေ့လာဖတ်ရှုမှတ်သားကြရန် ဟောပြောသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်ဦးက တောမီးလောင်ကျွမ်းခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်မိုးက သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအောင်မျိုးထက်က မီးခိုးမြူငွေ့လျှော့ချရေးကိုလည်းကောင်း ပရိုဂျက်တာဖြင့်ပြသ၍ အသိပညာပေးဟောပြောခဲ့ပြီး၊ ကျောင်းသားကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၇၀)ဦးခန့်တက်ရောက်ခဲ့ပြီး သစ်တောဦးစီးဌာနမှ သစ်တောကြေးမုံစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)