ဘိုကလေး ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဗမာပြည်သားဆန်စက်တွင် ယနေ့နံနက်(၉)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာသို့ ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဆန်စက်ပိုင်ရှင်နှင့် ဝန်ထမ်းများ၊ လုပ်သားများ တက်ရောက်ကြပြီး ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မီးဘေးလုံခြုံရေး လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းသည် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက လွယ်ကူလျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးဟောပြော၍ မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှကာ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအပါအဝင် အခြားသောနည်းလမ်းများဖြင့် မီးငြှိမ်းသတ်နည်းတို့အားသရုပ်ပြ၍ ဇာတ်တိုက်လေ့ကျင်ရာသို့ တက်ရောက်လာကြသူများနှင့်အတူ ဇာတ်တိုက်လေ့ကျင့် လက်တွေ့မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)