ပန်းတောင်း ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉:၀၀)နာရီအချိန်က အ.လ.က(ကျောက်ဖူး)ကျောင်းနှင့် အ.လ.ကဥသျှစ်ပင်ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ယနေ့လူငယ်များသည် တိုးတက်လာသောခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှုများပြားလာသည့်အလျောက် အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့်ဗဟုသုတများရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက စားသုံးသူအခွင့်အရေးများနှင့် ဥပဒေများ အကြောင်းအသိပညာပေးဟောပြောခဲ့သည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)