ပွင့်ဖြူ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ပဲစင်းငုံသီးနှံ ၁၈၆၅ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိကာ အဆိုပါ ပဲစင်းငုံစိုက်ခင်းများကို ဒေသခံတောင်သူများက ဒီဇင်ဘာလမှ စတင်သိမ်းဆည်းခဲ့ရာ ယနေ့ထိ ပဲစင်းငုံ ၁၈၆၅ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"မိုးသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ စိုက်ပျိုးထားရှိတဲ့ ပဲစင်းငုံသီးနှံစိုက်ခင်းတွေ သိမ်းဆည်းနေကြပြီဖြစ်ပါတယ်။ ပဲစင်းငုံသီးနှံစိုက်ဧကအနေနဲ့ တစ်မြို့နယ်လုံး ၅၉၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲစင်းငုံသီးနှံစိုက်ခင်းများက မိုးရွာသွန်းမှုကောင်းမွန်ခဲ့လို့ အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ဒေသခံတောင်သူတွေက ပဲစင်းငုံသီးနှံစိုက်ခင်းများကို ဒီဇင်ဘာလကစပြီး စတင်ခုတ်သိမ်းခဲ့ရာ ဒီနေ့ထိ ၁၈၆၅ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကကို ပဲစင်းငုံ ၁၀ ဒသမ ၈ တင်းခန့်ထွက်ရှိပါတယ်။ လက်ရှိမှာသိမ်းဆည်းပြီးတဲ့ ပဲစင်းငုံသီးနှံများကို အရည်အသွေးကောင်းမွန်ရေး စနစ်တကျထားသိုထိန်းသိမ်းကြဖို့နဲ့ သိမ်းဆည်းရန်ကျန်ရှိတဲ့ ပဲစင်းငုံစိုက်ခင်းတွေကိုလည်း အထွက်နှုန်းလျော့နည်းမှုမဖြစ်အောင် အချိန်မီသိမ်းဆည်း ခြွေလှေ့ကြဖို့ တောင်သူတွေကို လိုအပ်တဲ့ တောင်သူပညာပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ပဲစင်းငုံသီးနှံ ၈၃၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၅၉၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနက ပဲစင်းငုံသီးနှံစိုက်ပျိုးတောင်သူများကို အထွက်နှုန်းတိုးတက်စေရေးအတွက် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေးနှင့် စိုက်ပျိုးရေးသွင်းအားများ စနစ်တကျသုံးစွဲတတ်စေရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပဲစင်းငုံသီးနှံအား အရည်အသွေးနှင့်အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်ရာ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၍ ဒေသမရွေး ပဲစင်းငုံသီးနှံကို ယခုထက်ပိုမို ကြိုးပမ်းစိုက်ပျိုးကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )