ပခုက္ကူ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဆောင်းသီးနှံ မြေပဲစိုက်ခင်းများကို ဆိက္ခဝ၊ သီရိ၊ ဇီးကုန်း၊ ရွာနောင် စသည့် ကျေးရွာများတွင် အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး လက်ရှိတွင် ဈေးနှုန်းကောင်းမွန်ကာ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အကျိုးအမြတ်ရရှိကြကြောင်း သိရသည်။
“ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စတင်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးစရိတ်အတွက် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျလျက်ရှိကြောင်း၊ မြေပဲသီးနှံများကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ရိတ်သိမ်းလျက်ရှိရာ စိုက်ပျိုးမြေနှင့်သွင်းအားစု အသုံးပြုပေးမှုအပေါ် မူတည်ပြီး တစ်ဧကလျှင် (၄၈) တင်းခန့်အများဆုံး ထွက်ရှိကြောင်း၊ ရိတ်သိမ်းပြီးမြေပဲအတောင့်များကို အခွံထုခွဲပြီး မြေပဲအဆံကိုသာ ရောင်းချခြင်းဖြစ်ကြောင်း၊ သီးနှံပေါ်ချိန်မှစတင်ပြီး ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့ဈေးကြီးတွင် လာရောက်ရောင်းချရာ အရည်အသွေးပေါ်မူတည်၍ မြေပဲဆံတစ်ပြည်လျှင် ငွေကျပ် (၈၈၀၀) မှ (၉၂၀၀) ခန့်အထိ အရောင်းအဝယ်ဖြစ်ထွန်း လျက်ရှိကြောင်း၊ မြေပဲစိုက်ခင်းတစ်ဧကလျှင် ငွေကျပ် (၁၀) သိန်းဝန်းကျင်ခန့်အထိ အကျိုးအမြတ်ရရှိကြောင်း” ဆိက္ခဝကျေးရွာ အုပ်စုမှ မြို့မဈေးကြီးသို့ လာရောက်ရောင်းချသည့် တောင်သူတစ်ဦးက ပြောပြသည်။
ပခုက္ကူမြို့နယ်၊ ကျေးရွာများတွင် ယခုနှစ်တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိခြင်းကြောင့် မြေပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)