မကွေး ဖေဖော်ဝါရီ ၃
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး)လမ်း (မကွေးမြို့နယ် အပိုင်း) (၂၄)ပေအကျယ် ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။
ဦးစွာ ကတ္တရာလမ်းအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစံမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ယာယီမဏ္ဏပ်၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် လမ်း/တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရေးတို့အတွက် ဆောင်ရွက်ပေးနေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လမ်းဦးစီးဌာန၏ မူဝါဒအရ ၂၀၃၀ ခုနှစ် နှစ်ရှည်စီမံကိန်း ပြီးဆုံးချိန်တွင် နိုင်ငံတကာဆက်သွယ်မှု လမ်းမကြီးများနှင့် ပြည်ထောင်စု လမ်းမကြီးများအား နေ့စဉ် ဖြတ်သန်းသည့် ယာဉ်စီးရေအပေါ်မူတည်၍ (၁၈)ပေအကျယ်၊ (၂၄)ပေအကျယ်၊ (၄၈)ပေအကျယ် ကတ္တရာလမ်း/ကတ္တရာ ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ရန်ဆိုသည့် မဟာဗျူဟာပါ အချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် (၂၁ ဒသမ ၈၅၃) ဘီလီယံခန့် အသုံးပြုပြီး၊ လမ်းမိုင်ပေါင်း (၃၃) မိုင်ကျော်နဲ့ တံတားပေါင်း (၁၅) စင်းတို့ကို ဆောင်ရွက်ပေးနေသည့်အတွက် လုပ်ငန်းပြီးစီးပါက မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သော ဒေသခံပြည်သူများ၏ ထုတ်ကုန်များ၊ သီးနှံများ ကုန်သွယ်ရောင်းချရာမှာ လုံခြုံလွယ်ကူချောမွေ့ ကောင်းမွန်တဲ့ လမ်း/တံတားများကို အသုံးပြုသွားလာနိုင်ကြမှာ ဖြစ်ပါကြောင်း၊ ယနေဖွင့်လှစ်သည့် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး)လမ်းအား မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော လမ်းပိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးရဲ့ ဝင်ပေါက်ဖြစ်သည့် အဓိကလမ်းမကြီးဖြစ်ကာ တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား (မကွေး) လမ်းဟာ (၇၉မိုင် ၄ဖာလုံ)ရှိတဲ့အနက် မိုင်(၂၂/၆-၇၉/၄)အထိ (၅၆မိုင်၆ဖာလုံ)ဟာ မကွေးတိုင်းဒေသကြီးအပိုင်းဖြစ်ပါကြောင်း၊ မိုင်(၂၂/၆-၆၆/၄)အထိ (၄၃မိုင် ၆ဖာလုံ)ကို မြို့သစ်မြို့နယ်၊ မိုင်(၆၆/၄-၇၉/၄)အထိ (၁၃)မိုင်ကို မကွေးမြို့နယ် လမ်းဦးစီးဌာနတို့က တာဝန်ယူထိန်းသိမ်းဆောင်ရွက်တာဖြစ်ပါကြောင်း၊ ဒီလမ်းပေါ်မှာ နေ့စဉ်ဖြတ်သန်း အသုံးပြုလျက်ရှိသော မော်တော်ယာဉ် စီးရေ(၆၀၀)ကျော်နှင့် မော်တော်ဆိုင်ကယ်စီးရေ(၁၅၀၀)ကျော်တို့ သွားလာအသုံးပြုလျက်ရှိပြီး နေ့စဉ်ဖြတ်သန်းသည့် ယာဉ်စီးရေ (AADT) (၅၀၀)နှင့် (၂၀၀၀) ကြား ဖြတ်သန်းသွားလာသည့် လမ်းများအား ကတ္တရာလမ်းအကျယ် (၂၄)ပေဆောင်ရွက်ရန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ သတ်မှတ်ချက်အရ ယခင်က (၁၈) ပေအကျယ် ကတ္တရာလမ်းများကို (၂၄)ပေအကျယ် ရရှိအောင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက်ပေးလာခဲ့တာဆိုရင် မကွေးမြို့နယ်အပိုင်းတွင်(၁၃)မိုင်အရှည်၊ မြို့သစ်မြို့နယ် အပိုင်းတွင် (၇)မိုင်အရှည်၊ စုစုပေါင်းမိုင်(၂၀) အရှည် (၂၄)ပေကတ္တရာလမ်းများအဖြစ် အဆင့်မီစွာ ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါကြောင်းနှင့် ကျန်ရှိနေတဲ့ (၁၈)ပေအကျယ် ကတ္တရာလမ်း (၃၆)မိုင်(၆)ဖာလုံကိုလည်း (၂၄)ပေအကျယ် လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း နှစ်စဉ်တိုးတက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ယခုလို နိုင်ငံတော်က လမ်း/တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးခြင်းအား ဒေသခံပြည်သူများကလည်း လမ်းများ ရေရှည်တည်တံ့ခိုင်မြဲပြီး မပျက်စီးရန် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အသုံးပြုထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးမှ ကတ္တရာလမ်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ