တောင်တွင်းကြီးမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉) နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြိုနယ်မီးသတ်ဦးစီးမှူး ဦးစောမောင်က မီးဘေးလုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ မီးကို မပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံး တတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၆) ဦးဖြင့် အဆိုပါကျောင်းဝင်းအတွင်းရှိ ကွင်းပြင်တွင် မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)