တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ  ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏ အပတ်စဉ် (၃၂)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် နိုင်ငံ၏အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့်ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်အမျိုးသားကျန်းမာရေးမူဝါဒနှင့်အညီ အမျိုးသားကျန်းမာရေးစီမံကိန်း၊ ကျေးလက်ကျန်းမာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြန်မာ့ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက်နှစ်(၃၀)နှစ်ရှည်စီမံကိန်းတို့ကို စနစ်တကျရေးဆွဲပြီး နယ်စပ်ဒေသကျေးလက် အစွန်အဖျားအပါအဝင် တစ်နိုင်ငံလုံးကို ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့် လွှမ်းခြုံမှုပေးနိုင်ရန်ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာဝန်များ၊ သူနာပြု-သားဖွားဆရာမများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကိုနှစ်စဉ် တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သူနာပြုမောင်မယ်သစ်လွင်များအား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ သူနာပြုသစ်လွင်မောင်မယ်အများနေဖြင့် သူနာပြု-သားဖွားဒီပလိုမာအဖြစ် ရောင့်ရဲတင်းတိမ်မနေဘဲ အဆင့်မြင့်သူနာပြုဘွဲ့များကို တက်လှမ်းသင်ကြားနိုင်ရန် ကြိုးစားစေလိုကြောင်း၊ မောင်မယ်သစ်လွင်သင်တန်း သား၊ သင်တန်းသူများ လိုက်နာရမည့်သူနာပြုကျင့် ဝတ်များကို လိုက်နာကျင့်ကြံကြရန်၊ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြရန်၊ အခြေခံသူနာပြုစုမှု အတတ်ပညာများဖြင့် ပြည်သူများကိုကျွမ်းကျင်စွာပြုစုပေးနိုင်သော မှန်ကန်သော Mindset ရှိသည့် သူနာပြုကောင်းများဖြစ်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၏ဂုဏ်ဆောင်၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏ ကောင်းသတင်းနှင့် အစဉ်အလာကောင်းများကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းပြီး နောင်လာမည့် မျိုးဆက်သစ်သူနာပြုများထံ လက်ဆင့်ကမ်းနိုင်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ စစ်မှန်သောမျိုးချစ်စိတ်ကိုအခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် ပြည်သူ့လူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် အတွေးအခေါ်မှန်ကန်မျှတအောင် စိတ်ဓာတ်စွမ်းရည်မြှင့်တင်ပြီး မိမိကိုယ်ကို နိုင်ငံတော်၏ သားကောင်း၊  သမီးကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး၊ ကုသရေးဦးစီးမှူး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း (စီမံဥက္ကဋ္ဌ) ဒေါက်တာ မိုးဇော်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ အပတ်စဉ်(၃၂)၊ ပထမနှစ် သူနာပြုသင်တန်းသား/သင်တန်းသူ မောင်မယ်သစ်လွင် (၇၈)ဦးက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ မောင်မယ်သစ်လွင်များအားလုံး၏ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်က သူနာပြုသင်တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ငွေ(၁၀) သိန်းကျပ်အား ပေးအပ်ရာကျောင်းအုပ်ကြီးက လက်ခံယူကာ မောင်မယ်သစ်လွင်သင်တန်းသား၊ ကျောင်းသူများ၏ တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)